World Bank ၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ

/ /

၂၀၁၉ ဒီဇင်ဘာလရက်စွဲဖြင့် ထုတ်‌‌‌ေ၀သည့် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ အရ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆.၃ ရာခိုင်နှုန်း ရှိလာမည်ဟု ခန့်မှန်းထားသဖြင့် ၂၀၁၇/၂၀၁၈ တွင်ရှိခဲ့သည့် ၆.၂ ရာခိုင်နှုန်း ထက် မဆိုစလောက် မြင့်မားလာကြောင်း သိရှိရသည်။  သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု မြင့်တက်လာမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖော်သွားဖွယ်ရှိသည့်  အစိုးရ၏ အခြေခံအဆောက်အအုံ စီမံကိန်းများ အတွက် သုံးစွဲမှုများကြောင့် ၂၀၁၉/၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆.၄ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။

၀န်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံ ဂျီဒီပီ တိုးတက်မှုနှုန်း၏ အဓိက မောင်းနှင်းအား တစ်ခုဟု တွေ့ရှိခဲ့ရပြီး ၂၀၁၈/၁၉ တွင် ၈.၉ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု ခန့်မှန်းထားသည်။ အလက်လီလက်ကား ကုန်သွယ်မှုများ တိုးမြင့်လာမှုကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်လာမှု နှေးကွေးသော်လည်း ကျဆင်းမသွားစေရန် ထိန်းထားနိုင်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးစွာ လည်ပတ်နေသော်လည်း အားကောင်းလာသည့် ကုန်ထုတ်လုပ်ငန်းများက အထေက်အကူပြုခြင်းကြောင့် ၂၀၁၈/၂၀၁၉ ခုနှစ်တွင် စက်မှုလုပ်ငန်းကဏ္ဍသည် ၆.၄ ရာခိုင်နှုန်းသို့ တိုးတက်လာမည်ဟု ခန့်မှန်းသည်။ ရာသီအလိုက် ရေလွှမ်းမိုးမှုများနှင့်  စျေးကွက်တောင်းဆိုမှု အပြောင်းအလဲများ ရှိသော်လည်း ၂၀၁၈/၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးရေးထုတ်ကုန် ကဏ္ဍတိုးတက်မှုသည် ၁.၆ ရာခိုင်နှုန်းတွင် တည်ငြိမ်နေသကဲ့သို့ ထုတ်လုပ်ကုန် အမျိုးအစား စုံလင်လာခြင်းနှင့် တင်ပို့သည့် နိုင်ငံများ ပိုမိုများပြားလာခြင်းကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် မေခရိုစီးပွားရေး တည်ငြိမ်မှုအား အလေးထားစောင့်ကြည့်ရန် ဆက်လက် လိုအပ်နေဆဲ ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ကာ မြင့်မားလာသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၉ သြဂုတ်လတွင် ၁၀.၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီး အစားအသောက်စျေးနှုန်းများ မြှင့်တက်လာခြင်းနှင့် ဓာတ်အားခစျေးနှုန်းများ တိုးမြင့်လိုက်ခြင်းတို့ ကြောင့် ဖြစ်သည်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြထားသည့် အချက်တစ်ခုမှာ နယ်စပ် ဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ရခိုင့်အရေးတို့က လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ၏ အမြင် သဘောထားများ အပေါ်သက်ရောက်မှု ရှိစေမည်ဟု ဆိုသည်။

ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေး နှေးကွေးမှုနှင့် ကုန်သွယ်ရေး တင်းမာမှုများစသည် ပြင်ပမှ ဖိအားနှင့် စိန်ခေါ်မှု အန္တရာယ်များကလည်း မြန်မာ့စီးပွားရေး အပေါ်သက်ရောက်မှုများ ရှိနို်သည်ဟု အစီရင်ခံစာက ဆိုသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်က မျှော်မှန်းထားသည်ထက် ပိုမို အားနည်းနိုင်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းသည်  ၂၀၁၈ ခုနှစ်က ၃.၀ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉ ခုနှစ်တွင် ၂.၄ ရာခိုင်နှုန်းသို့ ကျဆင်းလာမည်ဟု ခန့်မှန်းသည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတို့တွင် တိုးတက်နှုန်းသည် ၂၀၁၈ ခုနှစ်က ၆.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ နှစ်နှစ်တာကာလတွင် ပျမ်းမျှ ၅.၈ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်း သကဲ့သို့ ၂၀၂၁ ခုနှစ်တွင် ၅.၆ ရာခိုင်နှုန်းသို့ ထပ်မံ ကျဆင်းလာမည်ဟု ခန့်မှန်းသည်။

Executive-Summary

Myanmar-Economic-Monitor-Resilience-Amidst-Risk

Facebook Comments